မန်စီးတီးတိုက်စစ်မှူး ဟာလန်း ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အခြေခံလစာ တစ်ပတ်ပေါင်(၅)သိန်းရရှိသည့် ပထမဆုံးကစားသမားဖြစ်လာရန် နီးစပ်လျက်ရှိသည်။
ပြီးခဲ့သည့်နွေရာသီကာလကမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာသည့် ဟာလန်းသည် ယခုရာသီ ပြိုင်ပွဲစုံတွင် အသင်းအတွက် (၄၂)ဂိုးအထိသွင်းယူထားပြီး ဖလား(၃)လုံးလမ်းကြောင်းပေါ်တွင် ရှိနေစေရန် အဓိက စွမ်းဆောင်ပေးခဲ့သည်။
မန်စီးတီးအသင်း၏ ဂိုးသွင်းစက်ဖြစ်လာသည့် ဟာလန်းအား စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ၂၀၂၄ နွေရာသီတွင် ခေါ် ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်လာသောကြောင့် စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
မန်စီးတီးအသင်းသည် ယခုရာသီကုန်တွင် ဟာလန်းအား စာချုပ်သက်တမ်းတိုးရန် စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
ဟာလန်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ယခုအခါ အသင်းမှ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ကာ စံချိန်တင်လစာငွေဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ဟာလန်းအနေဖြင့် လက်ရှိတွင် အခြေခံလစာတစ်ပတ် ပေါင် (၃၇၅၀၀၀)ဖြစ်သော်လည်း ဆုကြေးများနှင့်ပေါင်းလျှင် ပေါင်(၉)သိန်းနီးပါးရရှိနေသည်ဟု ပြီးခဲ့သည့်အောက်တိုဘာလက Daily Mail က ရေးသားခဲ့သည်။
ထို့ကြောင့် စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့လျှင် တစ်ပတ်ပေါင် တစ်သန်းအမှတ်ကို ကျော်လွန်သွားဖွယ်ရှိကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ဟာလန်းကို ဆက်ထိန်းထားနိုင်ရန်အတွက် ဒေါ့မွန်အသင်းဖော်ဟောင်း ဘယ်လင်ဟမ်ကို အသင်းသို့ အရခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိနေသည်။