Serie A

■ အိုဆင်မန်က ဒရော့ဘာလို ဖြစ်ပေမဲ့ ဒီတစ်ခုတော့ ပြင်ရမယ်လို့ မော်ရင်ဟို အကြံပေး

Written by Author

ရိုးမားနည်းပြ ဟိုဆေးမော်ရင်ဟိုက ဥရောပထိပ်တန်းအသင်းများစွာရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန်က ဒရော့ဘာလို ကစားသမားဖြစ်ပေမဲ့ ဒိုင်ဗင်ထိုးတာကိုတော့ ဖျောက်ဖို့ လိုတယ်လို့ အကြံပြုခဲ့ပါတယ်။

အသက် (၂၄) နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူး ဗစ်တာအိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအတွက် ခြေစွမ်းပြနေပြီး သူ့ကို ခေါ်ယူဖို့ မန်ယူ၊ ချယ်လ်ဆီး စတဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေက စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

အိုဆင်မန်နဲ့ ပတ်သက်လို့ မော်ရင်ဟိုက “သူက ဒရော့ဘာလို အဆင့်အတန်းမျိုးမှာ ရှိတဲ့ ကစားသမားပါ။ ဒါပေမဲ့ ဒရော့ဘာက ဒိုင်ဗင်ထိုးလေ့မရှိဘူး။ တကယ်လို့သာ ဗစ်တာအနေနဲ့ ဒါကို ပြောင်းလဲနိုင်မယ်ဆိုရင် အိုကေပါတယ်။ ငွေအများဆုံးသုံးနိုင်တဲ့ ကလပ်အသင်းတစ်သင်းသင်းကို ကျွန်တော် နည်းပြဖြစ်နေမယ်ဆိုရင် သူ့ကို ကျွန်တော် ခေါ်မှာပါ။

ဒါပေမဲ့ သူဟာ တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဒီအပြုအမူကို လုံးဝပြောင်းလဲပစ်ဖို့ လိုပါတယ်။ အီတလီမှာ ဒါက ပြဿနာမဟုတ်ပေမဲ့ အင်္ဂလန်မှာတော့ ဒီလိုလုပ်တာကို လက်မခံကြပါဘူး။ ဖိအားတွေ ဖြစ်လာစေပါလိမ့်မယ်။ ဒီပွဲအပြီးမှာလည်း ဗစ်တာနဲ့ ကျွန်တော် စကားပြောခဲ့တယ်။ မင်း အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တယ်။

ဒါပေမဲ့ မင်း အရမ်းလှဲချဖို့ ကြိုးစားနေတာမျိုးကိုတော့ ရပ်ပစ်ဖို့ လိုတယ်ဆိုတဲ့အကြောင်းပါ။ သူ သွင်းခဲ့တဲ့ ဂိုးက တကယ်ကောင်းပါတယ်။ ဒီရာသီအစောပိုင်းတုန်းက သူတို့အသင်းနဲ့ ကျွန်တော်တို့ ကစားတုန်းကလည်း သူ ဒီလိုလုပ်နိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် သူက တကယ်ကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒါပေမဲ့ ဒိုင်ဗင်တော့ မထိုးသင့်ဘူး”လို့ ဆိုပါတယ်။

About the author

Author