Serie A

■ ခွာရတ်စကယ်လီယာကို ငွေပုံအောပေးပြီး ခေါ်မယ့်အသင်း

Written by Author

PSG အသင်းသည် နာပိုလီအသင်းတွင် ခြေစွမ်းပြနေသည့် ဂျော်ဂျီယာတောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ပြောင်းရွှေ့ကြေးအမြောက်အမြားပေးပြီး ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

အသက်(၂၂)နှစ်သာရှိသေးသူ ခွာရတ်စကယ်လီယာသည် စီးရီးအေ ပွဲဦးထွက်ရာသီတွင် အံ့အားသင့်ဖွယ် ခြေစွမ်းပြနေပြီး နာပိုလီအသင်း ယခုရာသီ ချန်ပီယံလိဂ်နှင့် စီးရီးအေပြိုင်ပွဲ အခြေအနေကောင်းနေမှုတွင် သူ၏ အခန်းကဏ္ဍက များစွာပါဝင်ခဲ့သည်။

၎င်းအနေဖြင့် တိုရီနိုနှင့် စီးရီးအေအဝေးကွင်းပွဲစဉ်မတိုင်မီ ပြိုင်ပွဲစုံ (၂၉)ပွဲကစားခဲ့ရာတွင် (၁၃)ဂိုးသွင်း၊ (၁၃) ဂိုး ဖန်တီးပေးခဲ့ပြီး စီးရီးအေပြိုင်ပွဲ တစ်ခုတည်းတွင် (၁၁)ဂိုးသွင်း၊ (၉)ဂိုး ဖန်တီးခဲ့သည်။

PSG အသင်းသည် ခွာရတ်စကယ်လီယာကို ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၈၀)ဝန်းကျင်အထိ အသုံးပြုသွားရန် အသင့်ရှိနေကြောင်း သိရသည်။

နာပိုလီအသင်းသည် ပြီးခဲ့သည့် နွေရာသီက ခွာရတ်စကယ်လီယာကို ဂျော်ဂျီယာကလပ် ဒီနာမိုဘာတူမီအသင်းမှ ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းဝန်းကျင်ဖြင့်သာ ခေါ်ယူခဲ့သောကြောင့် ယင်းအပြောင်းအရွှေ့သာဖြစ်လာလျှင် ကမ္ဘာ့ဘောလုံးလောကတွင် အမြတ်အစွန်းအများဆုံးအဖြစ် စာရင်းဝင်သွားဖွယ် ရှိနေသည်။

ခွာရတ်စကယ်လီယာ၏အေးဂျင့်ဖြစ်သူ မာမူကာဂျူဂယ်လီကမူ ကစားသမားဖြစ်သူသည် နေပယ်မြို့တွင် ပျော်ရွှင်နေပြီး အခြားအီတလီကလပ်များသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း အစောပိုင်းက ပြောကြားထားခဲ့သည်။ ကလေးဘဝက ရီးယဲလ်မက်ဒရစ်အသင်း ပရိသတ်ဖြစ်ခဲ့သည်ဟု ဝန်ခံထားခဲ့သူ ခွာရတ်စကယ်လီယာသည် နာပိုလီအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည်။

About the author

Author