Ligue 1

■ ဘောလုံးကစားခြင်းရဲ့ အဓိကရည်မှန်းချက်ကို ဘာပေ ဖွင့်ဟ

Written by Author

PSG အသင်း၏ ပြင်သစ်နာမည်ကျော်တိုက်စစ်မှူး ဘာပေသည် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးပြီးနောက် သမိုင်းဝင်ရန် ဘောလုံးကစားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘာပေသည် စနေနေ့က နန့်စ်အသင်းအား (၄-၂) ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ဘာပေသည် ပြီးခဲ့သည့်တစ်ပတ်က မာဆေးလ်အသင်းနှင့်ပွဲ၌ နှစ်ဂိုးသွင်းယူပြီးနောက် ဂိုးအများဆုံးကစားသမား ကာဗာနီ၏ သွင်းဂိုး(၂၀၀)စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး တစ်ပတ်အကြာမှာပင် စံချိန်သစ်တင် နိုင်ခဲ့ခြင်းဖြစ်သည်။

PSG အသင်းသည် နန့်စ်အသင်းနှင့် ပွဲအပြီးမှာပင် ဘာပေအတွက် ဂုဏ်ပြုအခမ်းအနားကို ချက်ချင်းပြုလုပ်ပေးခဲ့ပြီး (၂၀၁)ဂိုး သွင်းယူနိုင်သည့် အမှတ်တရဆုတံဆိပ်ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ “သမိုင်းဖန်တီးဖို့ ကျွန်တော် ဘောလုံးကစားနေတာပါ။ ပြင်သစ်မှာ၊ ကျွန်တော့်တိုင်းပြည်ရဲ့မြို့တော်မှာ၊ ကျွန်တော့်မြို့မှာ သမိုင်းတွင်ချင်တယ်။ အဲဒီအတွက် ကျွန်တော် လုပ်ဆောင်နေတာပါ။ ဒီအရာက ခမ်းနားပါ တယ်။ ဒါပေမဲ့ ပြီးမြောက်ဖို့ အများကြီးလုပ်ဆောင်ရဦးမှာပါ” ဟု ဘာပေက ပြောကြားခဲ့သည်။

အသက်(၂၄)နှစ်ရှိပြီဖြစ်သူ ဘာပေသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၂၄၇)ပွဲကစားပြီးနောက် (၂၀၁) ဂိုးဖြင့် ဂိုးအများဆုံးကစားသမားဖြစ်လာပြီး ကာဗာနီထက် ပွဲအရေအတွက် (၅၄)ပွဲ ပိုနည်းကြောင်း သိရသည်။ ဘာပေသည် မိုနာကိုအသင်း၏ လူငယ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၁၇ ခုနှစ် နွေရာသီတွင် PSG အသင်းသို့ ရောက်ရှိလာပြီးနောက် ၂၀၁၈ ခုနှစ် နွေရာသီတွင် ယူရို သန်း(၁၈၀)ဖြင့် အပြီးသတ်ပြောင်းရွှေ့ကာ ဆယ်ကျော်သက်ကစားသမားများအနက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။

၎င်းသည် (၆)ရာသီအတွင်း PSG အသင်းအတွက် လီဂူး-၁ ပြိုင်ပွဲ၌ (၁၆၄)ပွဲကစား၊ (၁၃၇)ဂိုး၊ ပြင်သစ်ဖလားပြိုင်ပွဲ၌ (၂၁) ပွဲကစား၊ (၂၇)ဂိုး၊ ပြင်သစ်လိဂ်ဖလားပြိုင်ပွဲ၌ (၉)ပွဲ ကစား၊ (၂)ဂိုး၊ ဥရောပပြိုင်ပွဲများ၌ (၅၁)ပွဲကစား၊ (၃၄)ဂိုးနှင့် အခြားပြိုင်ပွဲများ၌ (၂)ပွဲကစား၊ (၁)ဂိုးသွင်းယူကာ စုစုပေါင်း (၂၄၇)ပွဲကစား၊ (၂၀၁)ဂိုး သွင်းယူထားခြင်းဖြစ်သည်။

ဘာပေအနေဖြင့် အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး လီဂူးသီးသန့်ဂိုးအများဆုံးစာရင်းတွင်လည်း ကာဗာနီ၏(၁၃၈ ဂိုး)စံချိန်ကိုလိုက်မီရန် (၁)ဂိုးသာ လိုအပ်တော့သည်။

၎င်းသည် PSG အသင်းနှင့် လီဂူး-၁ ချန်ပီယံဆု (၄)ကြိမ်၊ ပြင်သစ်ဖလား (၃)ကြိမ်၊ ပြင်သစ်လိဂ်ဖလား (၂)ကြိမ်၊ ပြင်သစ်စူပါဖလား (၂)ကြိမ်ရရှိထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၁)ကြိမ်တက်ရောက်ထားသည်။

About the author

Author