Premier League

■ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်မှာ ကစားသမားနာမည်နဲ့ နံပါတ်တွေ ပြောင်းလဲရတော့မယ်

Written by Author

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများ၏ ကစားသမားအမည်၊ နံပါတ်များနှင့် အင်္ကျီလက်မောင်းတံဆိပ်များအား တာဝန်ယူဖန်တီးပေးနေသည့် Avery Dennison ကုမ္ပဏီသည် လာမည့် ၂၀၂၃-၂၄ ရာသီတွင် အသုံးပြုမည့် စာလုံးပုံစံအသစ်များကို အတည်ပြုထုတ်ပြန်လိုက်သည်။

အမေရိကန်ကုမ္ပဏီ Avery Dennison သည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်နှင့် ၂၀၁၉ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး လာမည့်ရာသီ၌ စာလုံးပုံစံနှင့် အရွယ်အစားကို အပြောင်းအလဲအနည်းငယ်ပြုလုပ်မည်ဖြစ်သည်။

ယင်းသို့ ပြုလုပ်ခြင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၄)ကြိမ်မြောက်အပြောင်းအလဲလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

အဓိကအကျဆုံး အပြောင်းအလဲမှာ ကျောနံပါတ်စာလုံး၏အမြင့်ကို လက်ရှိအသုံးပြုနေသည့် အရွယ်အစားထက် (၁၀%)မြှင့်တင်လိုက်ခြင်းဖြစ်ပြီး ပရိသတ်များ၏ မြင်ကွင်းတွင် ပိုမိုထင်ရှားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အင်္ကျီလက်မောင်းပေါ်တွင် တပ်ဆင်ရသည့် ခြင်္သေ့ခေါင်းပုံ ပရီးမီးယားလိဂ် Logo အမှတ်တံဆိပ်မှာ လက်ရှိအချိန်၌ စက်ဝိုင်းဖြင့် ဘောင်ခတ်ထားသော်လည်း လာမည့်ရာသီတွင် စက်ဝိုင်းပါရှိတော့မည်မဟုတ်ကြောင်း သိရသည်။

ယခုရာသီ၌ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိသည့်အသင်းမှာ လာမည့်ရာသီ၌ အဆိုပါလက်မောင်းတံဆိပ်ကို ရွှေရောင်ဖြင့် ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

About the author

Author