Laliga

■ လာမယ့်နွေမှာ ဘာစီလိုနာအသင်း ဘာလို့ကစားသမား ခေါ်ခွင့်မရှိတာလဲ

Written by Author

ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာ ရေးစည်းမျဉ်းနှင့် ကိုက်ညီမှုမရှိသဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားခေါ်ယူခွင့်ရမည်မဟုတ်ကြောင်း လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က အတည်ပြုပြောကြားခဲ့သည်။

လန်ဒန်မြို့၌ပြုလုပ်သည့် Business of Football ဆွေးနွေးပွဲတွင် ဟာဗီယာတီဘက်စ် ပြောကြားခဲ့ခြင်းကို Financial Times သတင်းစာကဖော်ပြခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းအား စီးပွားရေးအရ ခြွင်းချက်ပေးလျှင် အခြားအသင်းများအတွက် မျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ရေတိုဖြေရှင်းနည်းအဖြစ် အနာဂတ်ရုပ်သံမူပိုင်ခွင့်အပါအဝင် အသင်း၏ပိုင်ဆိုင်မှုအချို့ကို ရောင်းချ၍ ဖြေရှင်းမှုပြုလုပ်ခဲ့သည်။ သို့သော် ယင်းကဲ့သို့ အငြင်းပွားဖွယ် သဘောတူညီမှုကို ထပ်မံပြုလုပ်ခွင့်ပြုမည် မဟုတ်သလို ကစားသမားခေါ်ယူမှုကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း တီဘက်စ်က ပြောကြားခဲ့သည်။

“ဒီဆောင်းရာသီမှာ ဘာစီလိုနာအသင်းကို ကစားသမားခေါ်ယူဖို့ ကျွန်တော်တို့ ခွင့်မပြုခဲ့ပါဘူး။ လာမယ့်နွေရာသီမှာလည်း ဘယ်ကစားသမားကိုမှ သူတို့ခေါ်ယူခွင့်ရမှာ မဟုတ်ပါဘူး။ အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ပိုင်ဆိုင်မှုတချို့ ရောင်းချပြီးတော့ လည်ပတ်ငွေရဲ့ ငါးရာခိုင်နှုန်းရရှိအောင် ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက တခြားကလပ်တွေအတွက်တော့ ပြဿနာတစ်ခုဖြစ်နိုင်တယ်။ ကျွန်တော်တို့အနေနဲ့ မိမိကိုယ်ကိုထိန်းညှိမှုကို အမြန်လုပ်ဆောင်ခဲ့ပါတယ်။ လည်ပတ်ငွေရဲ့ ငါးရာခိုင်နှုန်းပမာဏရှိတဲ့ ပိုင်ဆိုင်မှုရောင်းချတာမျိုး ဘယ်သူမှလုပ်လို့မရပါဘူး။ ဘာစီလိုနာက လိဂ်ပြိုင်ပွဲအတွက် အရမ်းအရေးပါတဲ့အသင်းပါ။ စီးပွားရေးပြဿနာကို တခြားနည်းလမ်းနဲ့ ကြည့်ရှုသွားမှာဖြစ်ပြီး ပြိုင်ပွဲအတွက် အကျိုးရှိအောင် ကိုယ်တိုင်လုပ်ရမှာပါ” ဟု တီဘက်စ်က ဆိုသည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဇယားထိပ်ဆုံးမှ ခုနစ်မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိပြီး စပိန်စူပါဖလားချန်ပီယံဆုရရှိထားသလို စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေသည်။ သို့သော် ဥရောပပြိုင်ပွဲ များ၌ အောင်မြင်မှုမရဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို ယူရိုပါလိဂ် ရှုံးထွက်အဆင့် Play-offs တွင်လည်း ထပ်မံရှုံးနိမ့်ခဲ့သောကြောင့် ရုပ်သံထုတ်လွှင့်ခွင့်နှင့် ဆုကြေးရရှိမှုဝင်ငွေ လျော့နည်းသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ လာမည့်နွေရာသီတွင် အသင်းခေါင်းဆောင်ဟောင်း မက်ဆီအပါအဝင် နာမည်ကြီးကစားသမားများစွာခေါ်ယူရန် ပစ်မှတ်ထားနေသည့်အခြေအနေကို လက်လျှော့ရဖွယ်ရှိနေသည်။ ထို့ပြင် ကစားသမားရောင်းချမှုမှတစ်ဆင့် ဘတ်ဂျက်ရှာဖွေရမည်ဖြစ်သောကြောင့် အန်ဆူဖာတီအပါအဝင် ကြယ်ပွင့်ကစားသမားအချို့ကိုလည်း ရောင်းချရဖွယ်ရှိကြောင်း သိရသည်။

About the author

Author