Laliga

■ ဟာလန်းနဲ့ ပတ်သက်ပြီး မန်စီးတီးအခက် ရီးယဲလ်အချက် ဖြစ်တော့မလား

Written by Author

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုဖြင့် စွဲချက်တင်ခံထားရသည့် မန်စီးတီးအသင်း၏အခြေအနေကို စောင့်ကြည့်နေပြီး ပြစ်ဒဏ်ချမှတ်ခံရပါက တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်း (၁၀၀)ကျော် ချိုးဖောက်ခဲ့သည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဇန်နဝါရီ (၆) ရက်တွင် စွဲချက်တင်ခဲ့သည်။ အကယ်၍ မန်စီးတီးအသင်းအနေဖြင့် ပြစ်မှုထင်ရှားပါက အမှတ်လျှော့ပြစ်ဒဏ်သာမက ပရီးမီးယားလိဂ်ပြိုင်ပွဲမှပါ ထုတ်ပယ်ခံရနိုင်ကြောင်း သိရှိရသည်။

ယင်းအခြေအနေကြောင့် မန်စီးတီးအသင်းမှာ မတည်မငြိမ်ဖြစ်နေပြီး နည်းပြ ဂွါဒီယိုလာအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသလို၊ နာမည်ကျော်ကစားသမားများအနေဖြင့် အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

Mundo Deportivo သတင်းစာ၏ ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် မန်စီးတီးအသင်း၏ ပြဿနာကို အာရုံစိုက်စောင့်ကြည့်နေပြီး ပြစ်ဒဏ်ချမှတ်ခံရပါက နော်ဝေးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဟာလန်းသည် ပြီးခဲ့သည့်နွေရာသီကမှ ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် (၅၁)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသော်လည်း ယင်းစာချုပ်တွင် ပေါင် (၁၂၈) သန်း (ယူရိုသန်း ၁၅၀) ဖြင့် ထွက်ခွာခွင့်ရှိသည်ဆိုသောအချက် ပါဝင်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

ရီးယဲလ်အသင်းသည် အသက် (၃၅) နှစ်ကျော်ပြီဖြစ်သည့် အသင်းတိုက်စစ်မှူး ဘန်ဇီမာ၏ နေရာတွင် အစားထိုးရန် ဟော်လန်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ရီးယဲလ်အသင်းသည် ကနဦးက ပြင်သစ်တိုက်စစ်မှူး ဘာပေကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသဖြင့် ဟာလန်းဘက်သို့ လှည့်လာခြင်းဖြစ်သည်။

ဟာလန်းသည် ယခု ပြဿနာပေါ်ပေါက်လာချိန်တွင် ၎င်း၏ရှေ့နေများအား မန်စီးတီးနှင့်ချုပ်ဆိုထားသည့် စာချုပ်ကို လေ့လာရန်ညွှန်ကြားထားကြောင်း သိရသည်။

About the author

Author