Laliga

■ ဘာနာဒိုဆေးလ်ဗားကို ဈေးနှုန်း သတ်မှတ်လိုက်တဲ့ မန်စီးတီး

Written by Author

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသော ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးပေါင်သန်း(၈၀)ရရှိရန် လိုလားနေကြောင်း Mirror က ဖော်ပြခဲ့ သည်။

ပေါ်တူဂီကစားသမား ဘာနာဒိုဆေးလ်ဗား(၂၇ နှစ်)သည် ၂၀၁၇ ခုနှစ်ကတည်းက မန်စီးတီးအသင်းသို့ ရောက်ရှိနေခဲ့သူဖြစ်ပြီး တစ်ရာသီလျှင် ပျမ်းမျှပွဲ(၅၀)ကစားကာ အသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်နေသော်လည်း အင်္ဂလန်တွင် မပျော်ရွှင်ကြောင်း ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက သတင်းထွက်ခဲ့ဖူးသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုယ်တိုင်က အသင်းမှ ထွက်ခွာလိုသည့် ကစားသမား(၃)ဦးထဲတွင် ဘာနာဒိုဆေးလ်ဗား ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး အက်သလက်တီကိုနှင့် အေစီမီလန်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။ သို့သော် အသင်းတွင် ဆက်ရှိခဲ့သလို၊ ပြီးခဲ့သည့် မတ်လအတွင်းက ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။

သို့ရာတွင် ယခုအခါ ဘာစီလိုနာနည်းပြ ဇာဗီက ၎င်းကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းထွက်လာပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကစားသမားကိုယ်တိုင် ပြောင်းရွှေ့လိုသည့်ဆန္ဒရှိသလို၊ အသင်းအတွက်လည်း ကောင်းမွန်သည့် ကမ်းလှမ်းမှု ရရှိခဲ့ပါက ထွက်ခွာခွင့်ပြုရန် စီစဉ်ထားကြောင်း စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပြဿနာရှိနေသော်လည်း ဖရန်ကီဒီယွန်းကို ပြန်လည်ရောင်းချခြင်းဖြင့် ငွေကြေးပြန်လည်ရရှိမည်ဖြစ်ကြောင်း၊ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန် ချိန်ရွယ်လာခြင်းမှာလည်း ဖရန်ကီဒီယွန်းကို မန်ယူအသင်းထံ လက်လွှတ်ရဖွယ်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

မန်စီးတီးတာဝန်ရှိသူများနှင့် နီးစပ်သူများကမူ ဘာစီလိုနာအသင်းသည် ဖရန်ကီဒီယွန်းကို ရောင်းထုတ်နိုင်ခဲ့လျှင်ပင် မန်စီးတီးအသင်းတောင်းဆိုသည့် ငွေကြေးကို ပေးချေနိုင်ဖွယ်မရှိကြောင်း၊ ဘာစီလိုနာအသင်းက ပေါင်(၆၅)သန်း ဝန်းကျင်သာ ပေးချေလိုကြောင်း ဆိုခဲ့ကြသည်။

About the author

Author