Bundesliga

■ လီဝန်ဒေါစကီးကို မလှောင်ကြပါနဲ့

Written by Author

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နာဂယ်စ်မန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ အသင်းတိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီး ချန်ပီယံလိဂ်ကစားဖို့ ဘိုင်ယန်မြူးနစ်သို့ ပြန်လာချိန်မှာ မလှောင်ပြောင်ကြဖို့ အသင်းပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် လီဝန်ဒေါစကီးအနေနဲ့ စောစောစီးစီးပဲ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ထုတ်ဖော်ပြောကြားမှုတွေ ပြုလုပ်ခဲ့သလို၊ အသင်းတာဝန်ရှိသူတွေနဲ့ ပြဿနာတက်ခဲ့တာကြောင့် ဘိုင်ယန်ပရိသတ်တွေက သူ့ကို အခဲမကျေဖြစ်နေကြတာပါ။

ဒါပေမဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဂန္ထဝင်တွင်လောက်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် မလှောင်ပြောင်ကြဖို့နဲ့ သူ့ကို နွေးထွေးစွာကြိုဆိုဖို့ မျှော်လင့်ကြောင်း နာဂယ်စ်မန်းက ပြောကြားခဲ့တာပါ။

”ကွင်းထဲမှာ လက်ခုပ်သြဘာသံတွေကြားရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်စုံတစ်ယောက် လှောင်ပြောင်ခံရတာမျိုးကို ကျွန်တော် မနှစ်မြို့ပါဘူး။ ဖြစ်စဉ်အားလုံးကို ကျွန်တော် မသိပါဘူး။ ကွင်းထဲက ပရိသတ်တွေဆိုရင် ပိုလို့တောင်မှ ဝေးပါသေးတယ်။ ဒါဟာ အမြဲတမ်းဖြစ်နေတဲ့ ဒုတိယအမှန်တရားဖြစ်ပြီး နားလည်မှုလွဲတာတွေ၊ ပုံကြီးချဲ့တာတွေ ဖြစ်ခဲ့ပါတယ်”လို့ နာဂယ်စ်မန်းက ဆိုပါတယ်။

လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၈ ရာသီကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၇၅ ပွဲမှာ ၃၄၄ ဂိုးအထိ သွင်းယူခဲ့ပြီး အသင်းသမိုင်းမှာ ဂတ်မူလာ (၅၆၃ ဂိုး) ပြီးနောက် ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ရပ်တည်ခဲ့တာပါ။

About the author

Author